ဓညင်းသီး ကြိုက်ရင်တောင် လျှော့စားပါ
ဓညင်းသီးလို့ဆိုလိုက်ရင် မသိသူရှားမှာပါ။ ဘာလို့ ဒီလို ပြောရတာလဲဆိုတော့ ဓညင်းသီးက မြန်မာလူမျိုးတွေ အကြိုက်ဆုံး အသီး တစ်မျိုးပါ။ ဓညင်းပင်ကို အရှေ့တော်အာရှနိုင်ငံတွေမှာ ဆေးဖက်ဝင်တဲ့ အပင်တစ်မျိုး အနေနဲ့ အရွက်အခေါက်စတာတွေ အားလုံးကို အသုံးပြုကြပါတယ်။
ဓညင်းသီးကို ပြုတ်တို့တာ၊ မီးအုံးစားတာ၊ အစိမ်းတို့တာ၊ ဆားရည်စိမ်စားတာဆိုပြီး အမျိုးမျိုး လုပ်စားကြသလို ဓညင်းသီးပြုတ်ကို ပဲဆီ၊ အုန်းနို့ချက်စတောတွေနဲ့ စားတာမျိုးလည်း ရှိကြပါတယ်။ သဲမြေထဲ အညှောင့်ထွက်အောင် ထားပြီး ဓညင်းဝက် လုပ်လို့ မီးအုံးစားတာ ကြော်စားတာမျိုးလည်း ရှိပါတယ်။
ဓညင်းသီး စေးစေးလေးတွေကို သင်ကကြိုက်ပေမယ့် သင့်အသည်းနဲ့ ကျောက်ကပ်ကတော့ မကြိုက်ပါဘူး။
အစားမတော် တစ်လုတ်
ဓညင်းသီးက စားကောင်းတာ မှန်ပေမယ့် အာဟာရပါဝင်မှုကတော့ zeroလို့ပဲ ဆိုချင်ပါတယ်။ ဓညင်းသီးက အာဟာရမပါသလို ခန္ဓာကိုယ်ရဲ့ အာဟာရ စုပ်ယူနိုင်စွမ်းကိုပါ အဟန့်အတား ဖြစ်စေပါတယ်။ နောက်တစ်ချက်အနေနဲ့ သိစေချင်တာက ဓညင်းသီးက အဆိပ်အတောက် ဖြစ်စေတယ်ဆိုတာပါ။
ဓညင်းသီးမှာ djenkolic acid ပါဝင်နေပြီး ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းမှာ ကျောက်တည်စေနိုင်ပါတယ်။ ဓညင်းသီးကို အလွန်အကျွံစားတာက နှလုံး၊ ကျောက်ကပ်၊ အသည်း နဲ့ ပန်ကရိယကို ထိခိုက်စေနိုင်ပါတယ်။
အသည်းက အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်တယ်ဆိုပေမယ့် ဓညင်းသီးမှာပါတဲ့ အဆိပ်ကိုတော့ မဖယ်ရှားနိုင်ပွဘူး။ ဒါကြောင့် သွေးထဲမှာ ဓညင်းသီးက အဆိပ်တွေ ရောက်ရှိသွားပြီး အဆိပ်တက်တာမျိုး ဖြစ်စေနိုင်သလို ကျောက်ကပ် ပျက်စီးစေနိုင်ပါတယ်။
ဓညင်းသီး စားရင် ပါးစပ်နံတယ်၊ ဆီးနံတယ်၊ ဝမ်းနံတယ်ဆိုတာ ခန္ဓာကို်ယက ဓညင်းသီးရဲ့ အဆိပ်အတေက်တွေကို စွန့်ထုတ်နေတဲ့ မြင်သာတဲ့လက္ခဏာပါ။
ဓညင်းသီးမှာပါတဲ့ အဆိပ် မော်လီကျူးတွေက ကျောက်ကပ်ထဲက ဆီးပြွန်လေးတွေကို ပိတ်ဆို့စေနိုင်ပါတယ်။ ဒီလိုကနေ ကျောက်ကပ် ထိခိုက်ပြီး ဆီးသွားတဲ့အခါ သွေးပါလာတာ၊ ဆီးသွားရခက်တာ၊ ကျောက်ကပ် ထိခိုက်မှုကြောင့် ခါး တအားနာတာမျိုးတွေ ခံစားရနိုင်ပါတယ်။
ဒီလိုကနေမှ သွေးထဲမှာ အဆိပ်အတောက်တွေများလာပြီး ရုတ်တရက် ကျောက်ကပ် ပျက်စီးတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေက အဆိုးဆုံး အနေနဲ့ ကျောက်ကပ်ပျက်ပြီး သေဆုံးတာမျိုး အထိ ဖြစ်နိုင်ပါတယ်။
ဓညင်းသီးကို အန္တရာယ် နည်းအောင် ဘယ်လိုလုပ်မလဲ
ဓညင်းသီးမှာပါတဲ့ အဆိပ်က ရေမှာပျော်ဝင်တဲ့ အဆိပ်မျိုးပါ။ ဓညင်းသီးကို အဆိပ်ဓာတ် နည်းစေဖို့ဆိုရင် ရေဆူဆူနဲ့ ၃ ကြိမ်လောက် ပြုတ်ဖို့ လိုပါမယ်။ တစ်ကြိမ်ပြုတ်ပြီးတိုင်းမှာ ရေကို သွန်ပစ်ပြီး အသစ် ထပ်ပြုတ်ရပါမယ်။ ထန်းလျက်ထည့်ပြုတ်လို့လည်း ရပါတယ်။ ဒါမှ အဆိပ်က နည်းသွားမှာပါ။
ဓညင်းသီးကို အဆိပ်လျော့စေမယ့် နောက်တစ်နည်းက ဆားရည် စိမ်တာပါ။ ဓညင်းသီးကို အစိမ်းတို့တာ နဲ့ မီးအုံး စားတာက အဆိပ် အများဆုံး ဖြစ်တာကြောင့် မစားတာက အကောင်းဆုံးပါ။ ဓညင်းသီး စားမိပြီဆိုရင်လည်း ရေများများ သောက်ဖို့ လိုပါမယ်။
ဒါကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်မှု နည်းစေဖို့အတွက် ဓညင်းသီးကို ကြိုက်ရင်တောင် တတ်နိုင်သမျှ လျှော့စားပါ။
ရေးသားသူ - မွန်မွန်